အောင်ငြိမ်းချမ်း/Myanmar Now
ရန်ကုန် (Myanmar Now) - အင်းဝအပ်ချုပ်ဆိုင်အမှုတွင် လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးဇော်ဝင်းကို တရားခံပြသက်သေအဖြစ် တင်သွင်းရန် ဆိုင်ပိုင်ရှင်တို့က ကြိုးပမ်းနေကြောင်း တရားရုံး သတင်းရပ်ကွက်က သြဂုတ် ၂၉ ရက်နေ့တွင် ပြောသည်။
တင်သွင်းထားသည့် သမ္မန်စာတွင် တရားခံပြသက်သေ၏နေရပ်လိပ်စာ မတိကျမှုကြောင့် တရားရုံးက လက်မခံသေးကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။
အင်းဝ မိသားစု၏ ရှေ့နေတစ်ဦးဖြစ်သည့် ဦးမျိုးညွန့်က လိပ်စာမှန်ကို ပြန်လည်စုံစမ်းပြီး တရားရုံးသို့ ထပ်မံ တင်သွင်းလျှောက်ထားရန် လိုအပ်မည်ဟု ရှင်းပြသည်။
သို့သော်လည်း အင်းဝဆိုင်၏ဆန္ဒအတိုင်း ဦးဇော်ဝင်းက သက်သေအဖြစ် ဆောင်ရွက်ရန် အစီအစဉ် ရှိမရှိ မသိရသေးပေ။
ကော်မရှင်၏ ညှိနှိုင်းမှု
အိမ်အကူကလေးငယ်များကို ညှင်းပန်းနှိပ်စက်ခြင်း၊ လုပ်ခလစာ အပြည့်အဝ မပေးခြင်းတို့နှင့် ပတ်သက်ပြီး အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်များနှင့် အိမ်အကူတို့၏ အုပ်ထိန်းသူများကြားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ညှိနိုင်းပေးခဲ့ဖူးသည်။
ကော်မရှင်၏ဆောင်ရွက်မှုကို မကျေနပ်သည့်အတွက် ကော်မရှင်အဖွဲ့ဝင်များ နူတ်ထွက်ပေးရန် တောင်းဆိုမှုများ ဖြစ်ပေါ်လာပြီး ပြည်သူ့လွှတ်တော်တွင်လည်း ကော်မရှင်အဖွဲ့ဝင်များကို အရေးယူပေးရန် အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့သည်။
၂ဝ၁၆၊ အောက်တိုဘာ ၆ တွင် နိုင်ငံတော်သမ္မတရုံးက ကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဦးဇော်ဝင်း၊ ဒေါက်တာသာဉာဏ်၊ ဒေါက်တာ ဒေါ်ခင်သန်းနွဲ့၊ ဒေါ်မြမြတို့ကို ၄င်းတို့၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း အမိန့်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။
တရားခံပြသက်သေ စစ်ဆေးမှု
ရုံးချိန်း ၆ဝ နီးပါး ရှိလာသော အမှုတွင် တရားခံပြသက်သေများကို စစ်ဆေးနေသည်။ တင်သွင်းထားသည့် တရာခံပြသက်သေ ၃၈ ဦးအနက်မှ ၁ဝ ဦးကို စစ်ဆေးပြီးဖြစ်သည်။
ယခုအပတ်ရုံးချိန်းတွင် တရားခံပြသက်သေနှစ်ဦးဖြစ်သည့် ပန်းပဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်းတွင်နေထိုင်သူ ဦးတင်စိုးနှင့် ကျောက်တံတားမြို့နယ် ၃၆ လမ်းတွင် နေထိုင်သူ ဒေါ်မြသူဇာတို့ကို စစ်ဆေးခဲ့သည်။
အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် ခြောက်ဦးသည် အပြင်းအထန်နာကျင်စေမူပုဒ်မ၊ ကလေးသူငယ်ပုဒ်မ၊ ပူးပေါင်းကြံစည်မူပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည်။

Comments
Post a Comment