အောင်ငြိမ်းချမ်း/Myanmar
Now
ရန်ကုန်
(Myanmar Now) – အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ချေမှုန်းရေးကို "အမျိုးသားရေးတာဝန်"
အဖြစ် ခံယူရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စက်တင်ဘာ
၂၇ တွင် ပြောလိုက်သည်။
ရန်ကုန်မြို့
NLD ရုံးချုပ်တွင် ပြုလုပ်သော ပါတီ တည်ထောင်သည့် ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင်
သဘာပတိအဖြစ်ဆောင်ရွက်သည့် ဦးဟံသာမြင့်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
စစ်ပွဲများကို
ဂုဏ်သိက္ခာရှိစွာ အဆုံးသတ်ရေး ကြိုးပမ်းနေစဉ် အခြားတစ်ဘက်တွင်လည်း အခက်အခဲများ၊ ဖိအားများကို
ရင်ဆိုင်နေရသည်ဟု ဦးဟံသာမြင့်က ပြောသည်။
"အကြမ်းဖက်ဝါဒနဲ့
အကြမ်းဖက်သမားတွေကို မစေ့စပ်စတမ်း တိုက်ပွဲဆင်နေရဆဲပဲ
ဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းအတွင်းက အခြေခံအကျဆုံး စည်းမျဉ်းတွေကို
ချိုးဖောက်နေပါတယ်" ဟု ဦးဟံသာမြင့်က ပြောသည်။
အာဏာရပါတီ
၂၉ နှစ် ပြည့်ချိန်သည် နိုင်ငံအနောက်ဘက်တွင် ပဋိပက္ခ အများအပြား ပေါ်ပေါက်နေချိန်နှင့် တိုက်ဆိုင်နေသည်။
ပါတီနှစ်ပတ်လည်နေ့တွင်
ထုတ်ပြန်သည့် ကြေညာချက်တွင် တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို
အာမခံပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး၊ ပြည်သူလူထုကို
တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်ရေးစနစ်တစ်ရပ် ပေါ်ပေါက်လာရေး တို့အတွက်
ဆက်လက် ဆောင်ရွက်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ပါတီနှစ်ပတ်လည်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်
တက်ရောက်ခြင်း မရှိပေ။ အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ယူထားသူ ပါတီတာဝန် ထမ်းဆောင်ခြင်း မပြုရန်
အခြေခံဥပဒေတွင် တားမြစ်ထားသည်။
ပါတီတည်ထောင်စဉ်က ပါဝင်သူတစ်ဦးဖြစ်သော၊ မကြာသေးမီက ကျန်းမာရေးမကောင်းသဖြင့်
ဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့ရသော ဦးတင်ဦးသည် အခမ်းအနားသို့
ဘီးတပ်ကုလားထိုင်ဖြင့် ရောက်ရှိလာသည်။

စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သော NLD ပါတီ ၂၉ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား မြင်ကွင်းတစ်ခု (ဓာတ်ပုံများ - ပြည့်ပြည့်/Myanmar Now)

စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သော NLD ပါတီ ၂၉ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား မြင်ကွင်းတစ်ခု (ဓာတ်ပုံများ - ပြည့်ပြည့်/Myanmar Now)



Comments
Post a Comment